ကိုရီးယားမှာ ရွှေ့ပြောင်းလုပ်သားကူညီထောက်ပံ့ရေးစင်တာတွေကို ဘတ်ဂျတ်ဖြတ်လိုက်လို့ မြန်မာနိုင်ငံသားတချို့အလုပ်လက်မဲ့ဖြစ်နိုင်
ကိုရီးယားမှာ ရွှေ့ပြောင်းလုပ်သားကူညီထောက်ပံ့ရေးစင်တာတွေကို ဘတ်ဂျတ်ဖြတ်လိုက်လို့ မြန်မာနိုင်ငံသားတချို့အလုပ်လက်မဲ့ဖြစ်နိုင် စက်တင်ဘာ ၂၅ ရက် အရုဏ်ဦး၊ Migrant Times တောင်ကိုရီးယားအစိုးရက ရွှေ့ပြောင်းလုပ်သားကူညီထောက်ပံ့ရေးစင်တာတွေကို ထောက်ပံ့မှုဖြတ်မယ့်အစီအစဥ်ကြောင့် အဲဒီစင်တာတွေမှာလုပ်ကိုင်နေတဲ့မြန်မာနိုင်ငံသားတချို့အလုပ်လက်မဲ့ဖြစ်နိုင်တယ်လို့ အဲဒီနိုင်ငံရှိမြန်မာအလုပ်သမားအရေးကူညီနေသူတချို့က ပြောပါတယ်။တောင်ကိုရီးယားအစိုးရအနေနဲ့နှစ်စဥ်အဲဒီစင်တာတွေကို ဝမ် ၈ ဘီလီယံနီးပါး ထောက်ပံ့နေရာကနေ လာမယ့်နှစ်ကစပြီးထောက်ပံ့ပေးနေမှုဖြတ်တောက်မယ်ဆိုပြီးကြေညာထားတာဖြစ်ပါတယ်။ထောက်ပံ့ငွေမရှိတော့တာကြောင့် စင်တာတွေအနေနဲ့ပိတ်သိမ်းရမယ့်အခြေအနေရှိနေပြီး အဲဒီစင်တာတွေမှာဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာစကားပြန်ဝန်ထမ်းတွေအလုပ်ရပ်စဲခံရဖို့ရှိနေတာလည်းဖြစ်ပါတယ်။ “ရိုက်ခက်မှုကတော့တော်တော်များနိုင်တယ်။ စင်တာတွေမရှိတော့ရင်အလုပ်သမားတွေလည်း အကူအညီတောင်းဖို့ခက်ခဲသွားမယ်။စင်တာမှာလက်ရှိလုပ်နေသူတွေကလူလျှော့တဲ့အထဲပါတာလည်းဖြစ်နိုင်သလို အပြီးရပ်စဲခံရမယ့်အခြေအနေတွေလည်းရှိနေတယ်”လို့ ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီနေသူတစ်ဦးကပြောပါတယ်။အဲဒီလို စင်တာတွေကိုထောက်ပံ့ငွေဖြတ်တောက်မယ့် အစိုးရရဲ့လုပ်ရပ်အပေါ် ကိုရီးယားနိုင်ငံသားတွေအပြင် နိုင်ငံခြားသားလုပ်သားတွေကကန့်ကွက်ကြောင်းလက်မှတ်ရေးထိုးလှုပ်ရှားမှုပြုလုပ်နေပြီးအဲဒီအစီအစဥ်မှာ မြန်မာလုပ်သားတွေလည်းပူးပေါင်းပါဝင်နေတယ်လို့သိရပါတယ်။ရွှေ့ပြောင်းလုပ်သားကူညီထောက်ပံ့ရေးစင်တာတွေဟာ နိုင်ငံခြားသားလုပ်သားတွေရဲ့ အလုပ်သမားအခွင့်အရေး၊ကျန်းမာရေးနဲ့ တခြားအလုပ်သမားရေးရာကိစ္စတွေကိုကူညီဆောင်ရွက်ပေးနေတာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စင်တာ ၄၀ ကျော်ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။