Myanmar Posco သွပ်ပြားစက်ရုံက အလုပ်သမားတွေလစာပြည့် ပြန်ရဖို့ရှိတယ်လို့ဆို
- ဇွန် ၃၀ ရက်
အရုဏ်ဦး၊ Migrant Times
မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Posco သွပ်ပြားစက်ရုံကအလုပ်သမားတွေကို စက်ရုံဘက်က မူလအတိုင်းလစာအပြည့်ပြန်ပေးဖို့ရှိတယ်လို့ အဲဒီစက်ရုံအလုပ်သမားတချို့ထံကသိရပါတယ်။Myanmar Posco စက်ရုံမှာ အမြတ်ငွေမရလို့ဆိုပြီး အလုပ်သမားတွေကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကတည်းက လစာရဲ့ ၇၀ ရာခိုင်နှုန်းသာပေးတော့တာဖြစ်ပြီး အခုညှိနှိုင်းမှုတွေလုပ်ပြီးတဲ့အခါ လစာအပြည့်ပြန်ပေးမယ်ဆိုပြီး စက်ရုံဘက်ကပြောလာတယ်လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။
“လစာကိစ္စအသံတွေထွက်တော့ ဌာနဆိုင်ရာကလာစစ်တယ်။ ပြီးတော့ မူလ လစာပေးဖို့ပြောကြတယ်လို့ပြန်ကြားတယ်”လို့ သူက ပြောပါတယ်။
အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်ကလည်း Myanmar Poscoစက်ရုံကအလုပ်သမားတွေကို ဇူလိုင်လကစပြီး လစာအပြည့်ပြန်ပေးဖို့ရှိတယ်ဆိုတဲ့သတင်းကောင်းရထားတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။Myanmar Posco သွပ်ပြားစက်ရုံဟာ တောင်ကိုရီးယား Poscoလုပ်ငန်းစုနဲ့ မြန်မာ့စီးပွားရေးဦးပိုင် လီမီတက်တို့ဖက်စပ်ဖွင့်လှစ်လုပ်ကိုင်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။