စင်တင်ဘာ ၁၆ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်၊ ဘန်လာမွန်းမြို့နယ်ရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ပစ်ကပ်ကားတစ်စီး၏ အလုံပိတ်အခန်းတွင်းလိုက်ပါလာသည့် တရားမဝင်ဝင်ရောက်သည့် မြန်မာအလုပ်သမား ၇ ဦးအား ဖမ်းဆီးခဲ့ကြောင်း အဝေးပြေးလမ်းမရဲတပ်ဖွဲ့ (Highway Police) ကယနေ့(စက်တင်ဘာ ၁၆)ထုတ်ပြန်သည်။
ရဲတပ်ဖွဲ့က တရားမဝင် နိုင်ငံခြားသားအလုပ်သမားများ သယ်ယူပို့ဆောင်နေကြောင်း သတင်းရရှိခဲ့ပြီးနောက် အဝေးပြေးလမ်းမတွင် ပုံမှန်မဟုတ်ဘဲ ဖြည်းညှင်းစွာ မောင်းနှင်နေသည် ၎င်းကားအား စစ်ဆေးစဉ်အတွင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
၎င်းကား၏ ယာဉ်မောင်းမှာလည်း မြန်မာနိုင်ငံသားဖြစ်ပြီး ကားအတွင်း၌ ပတ်ပို့စ်နှင့်စာရွက်စာတမ်းများမပါသည့် မြန်မာနိုင်ငံသား ၇ ဦး အားတွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့သည် တာ့ခ်ခရိုင်မှ လာကြပြီး ချွန်ဘူရီခရိုင်မှ ထိုင်းနိုင်ငံအတွင်းပိုင်းရှိ ခရိုင်များသို့ အလုပ်လုပ်ကိုင်ရန်လာရောက်ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
မြန်မာ ယာဉ်မောင်းနှင့်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၇ ဦး အား ဥပဒေအရ အရေးယူနိုင်ရန် နောင်ပ်ရူးရဲစခန်းကို ပို့ဆောင်ခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီပြည်နယ်၊ ထောင်းဖာဘူမြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်နေ့ည၌လည်း တရားမဝင်ဝင်ရောက်သည့် အသက် ၂ နှစ်အရွယ်ကလေးအပါအဝင် မြန်မာနိုင်ငံသား ၅၃ ဦးကို အုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့ကဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ထို့ပြင်စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊ ကန်ချနာဘူရီခရိုင်၊ လောင်းခွမ်မြို့နယ် ၊နောင်မဆန်ခ်ရွာအနီး ကြံစိုက်ခင်းအတွင်း ပုန်းအောင်းနေသည့် တရားမဝင် ဝင်ရောက်လာလာသော မြန်မာအလုပ်သမား ၅၆ ဦးအား အုပ်ချုပ်ရေးမှူးအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများကဖော်ပြသည်။
အလားတူ စက်တင်ဘာလ ၁၂ တွင်လည်း ကန်ချနဘူရီပြည်နယ်၊ ဆန်ခလဘူရီဒေသရှိ ရေလှောင်တမံတစ်ခုတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများထဲမှ ၃ ဦး (အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး)၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်းထိုင်းသတင်းကဖော်ပြသည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။ Migrant Times ကလေ့လာထားသည့်အချက်များအရ ယခု စက်တင်ဘာလလယ်အထိ ထိုင်းနိုင်ငံသို့ နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၅ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။
Photo – Highway Police
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes

