ထိုင်းတွင် ဖုန်း SIM ကတ်သုံးသူများ မျက်နှာစကင်ဖတ်ခြင်း ပြုလုပ်ရမည်
ဩဂုတ် ၂၁ – Migrant Times ။အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရန်အတွက် ထိုင်းအစိုးရသည် SIM ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဉ်းသစ်များကို ထုတ်ပြန်ကြေညာလိုက်ပြီး ဖုန်း SIM ကတ်သုံးသူများ မျက်နှာစကင်ဖတ်ခြင်း (မျက်နှာမှတ်သားမှုစနစ်)ကို ပြုလုပ်ရမည်ဖြစ်ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ထိုင်းနိုင်ငံတွင် လိမ်လည်မှုများသည် SIM လဲလှယ်သည့် (SIM-swap scams) နည်းကို အသုံးချကာ ခိုးယူသည့် ဖြစ်ရပ်များ ပေါ်ပေါက်ပြီးနောက်ပိုင်း ယခုကဲ့လို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မစ္စတာ အနူကူးလ် ပရုကဆာနူဆာ့ခ်က ပြောသည်။ သြဂုတ်လ ၁၈ ရက်နေ့မှစ၍ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအားလုံးအား မျက်နှာစကင်ဖတ်သော Liveness Detection စနစ်သစ် နည်းပညာဖြင့် တစ်နိုင်ငံလုံးတွင် စတင် အကောင်အထည်ဖော်မည်ဟု အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) က ထုတ်ပြန်ခဲ့သည်။
