စစ်ကိုင်းမြို့ငလျင် ကယ်ဆယ်ရေးလာသူများကို တင်းကြပ်၊ အပျက်အစီးများ အောက်တွင် လူသေဆုံးမှုများ ဆက်ရှိနေ
စစ်ကိုင်းမြို့နှင့် မန္တလေးမြို့အနီးတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့တွင် ထိခိုက်ပျက်စီးကာ လူသေဆုံးမှုများခဲ့သည်။ ယနေ့ ဧပြီလ ၄ ရက်နေ့ ၊ ငလျင်လှုပ်ခတ်ပြီး တစ်ပတ်ပြည့်မြောက်ချိန်တွင် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ထိခိုက်ပျက်စီးမှုများ အပြီးသတ်ရှင်းလင်းနိုင်ခြင်းမရှိသေးပဲ အပျက်အစီးများ အောက်တွင် လူသေဆုံးမှုများ ဆက်ရှိနေသည်။ စစ်ကိုင်းမြို့ငလျင် ကယ်ဆယ်ရေး လာရောက်ကူညီသည့် အသင်းအဖွဲ့များကို စစ်ကောင်စီဘက်မှ ဧပြီလ ၃ ရက်နေ့မှစကာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ကယ်ဆယ်ရေးအသင်းအဖွဲ့အချို့ထံမှ သိရသည်။ “ အခုဘယ်လိုဖြစ်လဲဆိုတော့ လှူချင်တိုင်းလဲ လှူမရဘူး စစ်ကိုင်းတံတားမှာ ဝင်ခွင့်မပေးတာများတယ်၊ ကံကောင်းတာက ဖွင့်တဲ့နေ့နဲ့ ကျွန်တော်တို့ တံတားကိုဖြတ်တဲ့နေ့နဲ့ ကွတ်တိကျလို့ သာမဟုတ်ရင်မလွယ်ဘူး”
