ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းလူမျိုးတွေထက် အခွင့်အရေးပိုပေးတာမရှိဘူးလို့ ထိုင်းအလုပ်သမား၀န်ကြီးပြော
အောက်တိုဘာ ၂၂ရက် ခွန်သောမတ်စ်၊ Migrants Times ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းလူမျိုးတွေထက် အခွင့်အရေးပိုပေးတာ မရှိဘူးလို့ ထိုင်းအလုပ်သမား၀န်ကြီး Mr. Pipat Ratchakitprakarn က ပြောဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ အလုပ်သမားရေးရာဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)ရဲ့ ပြဋ္ဌာန်းချက်တို့အရ အလုပ်သမားတွေကို တန်းတူရည်တူ ဆက်ဆံပြီး နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လုပ်ပိုင်ခွင့် ပိုပေးတာ မရှိကြောင်း၊ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ထိုင်းလူမျိုးတွေအတွက် သီးသန့် သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေကို ဝင်ရောက်စွက်ဖက်တာကို တားမြစ်ထားကြောင်း Mr. Pipat Ratchakitprakarn က ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ ထိုင်းလူမျိုး အလုပ်သမားပဲဖြစ်ဖြစ်၊ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားပဲဖြစ်ဖြစ် အားလုံးကို တန်းတူ အလုပ်သမား အခွင့်အရေးပေးရမယ်ဆိုတဲ့ ILO ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။