“ အယုဒ္ဓယရဲ့ မျိုးဆက်”
အောက်တိုဘာ ၁၈ – Migrant Times အဘွား ဒေါ်တင်ထွေးတယောက် ဝမ်းသာလွန်းပြီး ငိုလေပြီ။ မျက်ရည်တွေ စီးကြနေတယ်။ ဒေါ်တင်ထွေးဟာ အယုဒ္ဓယကနေ မြန်မာနိုင်ငံကို ဖမ်းဆီးခေါ်ဆောင်တာ ခံခဲ့ရသူတွေရဲ့ နောက်ဆုံးသားစဉ် မြေးဆက်ပါ။ နှစ်ပေါင်း ၂၆ဝ ကြာပြီးမှ ဘိုးဘွားဘီဘင်တွေရဲ့ မြေကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ အောက်တိုဘာလ ၁၈ ရက်နေ့မှာ သမိုင်း ပညာရှင် ဆရာပနာပတ် ခမ္မနွမ်က ဒေါ်တင်ထွေးနဲ့အဖွဲ့ကို အယုဒ္ဓယကို အရောက်ခေါ်ခဲ့ပါတယ်။ ဆရာပနာပတ်က မန္တလေးတိုင်း၊ ဆူးခါးရွာ(Sukkhah)က ဒေါ်တင်ထွေးနဲ့ ရွာသားတွေရဲ့ အယုဒ္ဓယ နေရပ်ပြန် အစီအစဉ်ကို ကော်မတီဖွဲ့ပြီး အကောင်အထည်ဖော်ခဲ့တာပါ။ ဒီရွာသားတွေဟာ ၁၇၆၇ ခုနှစ်မှာ ဒုတိယအကြိမ် မြန်မာကျူးကျော်မှုကြောင့် အယုဒ္ဓယပျက်သုဉ်းချိန်မှာမြန်မာနိုင်ငံကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာခံရတဲ့ အယုဒ္ဓယလူမျိုးတွေရဲ့ မျိုးဆက်တွေ ဖြစ်ပါတယ်။
